1
Posted by မောင်ယုပိုင် on May 10, 2011 – 7:12 pm
Filed under အက်ဆေး
photo from: Barefoot Traveler's blog.
_______________________________________________________________________
မိုးတွေ ရွာနေတယ်။ မိုးသံတွေကြောင့် ကျွန်တော် နိုးလာတယ်။ မိုးက သည်းသည်းမဲမဲ ရွာနေ တာကြောင့် အခန်းတွင်းမှာရှိတဲ့ အလင်းရောင်က အရင် မနက်တွေထက် အုံ့ဆိုင်းနေတယ်။ ဒါပေမယ့် ဒီအခန်းလေးထဲမှာ ကျွန်တော် နေလာခဲ့တာ နှစ်နဲ့ချီနေပြီ ဆိုတော့ အခန်းထဲကို ရောက်နေတဲ့ အလင်းရောင်ကို ကျွန်တော် အိပ်ယာကမထဘဲ မျက်လုံးလေး မှေးစင်းကြည့်ရုံနဲ့ ဘယ်အချိန်လောက် ရှိပြီလဲဆိုတာ ကျွန်တော် ခန့်မှန်းနိုင်တယ်။ ပုံမှန်အတိုင်းဆို ကျွန်တော် ဒီအချိန် အိပ်ယာက မထသေးဘူး။ ဒါပေမယ့် တခြားဘာသံမှ မကြားရလောက်အောင် ရွာနေတဲ့ မိုးသံက ကျွန်တော့်ကို ပြန်အိပ်လို့ မရအောင် သိစိတ်ကို နိုးဆွလိုက်တယ်။ အိပ်မက်ကမ္ဘာထဲ ပြန် ရောက်သွားအောင် အနားယူချင်နေတဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို နိုးကြားနေတဲ့ သိစိတ်က အနိုင်ယူ သွားပုံရတယ်။ ဒီလို အနိုင်ရ လောက်အောင် ကျွန်တော့် အသိစိတ်တွေကလည်း ကြားနေတဲ့ မိုးသံ လေသံတွေနဲ့ အပြိုင် စဉ်ဆက်မပြတ် ဆူပွက် လာတာကြောင့် ဖြစ်မယ်။
ကျွန်တော်တို့ မြို့မှာ ခု ရက်ပိုင်းအတွင်း မိုးတွေ ရွာနေတယ်။ မိုးတွေ ရွာနေတယ်လို့ ဆိုရတာက မိုးရာသီ ရောက် မရောက်ဆိုတာ မသေချာလို့ပဲ။ တကယ်တော့ ဒီရက်ပိုင်းတွေဟာ နွေရာသီလို့ ဆိုရင် ပိုမှန်လိမ့်မယ်။ နေ့ခင်းပိုင်းတွေမှာ နေဟာ ကျဲကျဲတောက် ပူနေသလို ညပိုင်း တွေမှာ လည်း အပူချိန်က မြင့်တက် နေတတ်တယ်။ ဒါပေမယ့် တစ်ခု ထူးခြားတာက ကျွန်တော်တို့ မြို့မှာ တစ်ရက်ခြား တစ်ကြိမ်လောက် မိုး ရွာသွန်းလေ့ ရှိတယ်။ ရွာတဲ့ အခါတိုင်းလည်း စိုစွတ် အေးမြသွားတဲ့ အထိ ရွာလေ့ရှိတယ်။ အနည်းဆုံးတော့ အပူချိန် လျော့သွားအောင် အထိ ရွာ သွန်းလေ့ရှိတယ်။ လူတွေလည်း နွေရောက်ပြီ ပြောလိုက် မိုးကျပြီ ပြောလိုက် တော်ကြာ နွေ မကုန်သေး ပြောလိုက်နဲ့ ဖြစ်နေတယ်။
ကမ္ဘာကြီးရဲ့ တချို့ နေရာတွေမှာ ငလျင်တွေ လှုပ်နေတယ်၊ ဆူနာမီတွေ ဖြစ်နေတယ်။ တချို့က ၂၀၁၂ ရုပ်ရှင် မှန်ပြီလို့ ဆိုနေကြတယ်။ အဲဒါက ပြည်ပ ရုပ်သံ လှိုင်းတချို့က ထုတ်လွှင့် နေတဲ့ သတင်းတွေကို ကြည့်ပြီး ပြောတာ နေမှာပါပဲ။ ကျွန်တော်လည်း လက်ဖက်ရည်ဆိုင် တစ်ဆိုင်က တီဗွီ ဖန်သားပြင်မှာ ကြည့်လိုက်ရတယ်။ မော်တော်ကားလေးတွေ ရေထဲမှာ မျှောပါနေတာ။ ဒီမြင်ကွင်းမျိုးက ၂၀၁၂ ရုပ်ရှင်အပြင် ဟောလိဝုဒ်က ကမ္ဘာဖျက် ရုပ်ရှင်တွေမှာ အစဉ်အမြဲ ပါလေ့ရှိတဲ့ ဇာတ်ဝင်ခန်းနဲ့ တူနေ တာကိုး။ ဂျပန်တွေကတော့ သူတို့ဆီက ဂေါ်ဇီလာ ရုပ်ရှင်ကို ပို သတိရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဂေါ်ဇီလာဆိုတဲ့ ဇာတ်ကောင်ကို အဖျက် စွမ်းအား ကြီးမားလှတဲ့ နျူကရီးယား လက်နက်တွေရဲ့ နိမိတ်ပုံတစ်ခု အဖြစ် တင်စား သုံးစွဲပြီး ရည်ရွယ် ရိုက်ကူး ခဲ့ကြတာလို့ သိရလို့ပဲ။ နျူကရီးယား လက်နက် စမ်းသပ်ရာက ဓါတ်ငွေ့ အဆိပ်သင့်ပြီး မတရား ကြီးထွားလာတဲ့ ပုတ်သင်စိမ်းကြီးက ဂျပန်မြို့ထဲက တိုက်တာ အဆောက်အဦတွေ အဏုမြူ လျှပ်စစ်ဓါတ်အား ပေးစက်ရုံတွေ ရထားတွေ ကားတွေ တံတားတွေကို အဆင် အခြင်မဲ့စွာ ဖျက်စီးပြခဲ့တာ အားလုံး သိပြီးသားပဲ မဟုတ်လား။ တချို့ကလည်း ရက်ပိုင်းမှာ ကမ္ဘာနဲ့ နီးကပ်လာတဲ့ လ(စူပါမွန်း) ကြောင့်လို့ ဆိုတယ်။ တချို့ကလည်း စနေဂြိုဟ် ဖေါက် ပြန်မှုနဲ့ လဆုပ်ရက် တိုက်ဆိုင်တာကြောင့်လို့ ဆိုတယ်။ တချို့ကလည်း လာနီညာ အကျိုး သက် ရောက်မှုကြောင့်လို့ ဆိုတယ်။ တချို့ကတော့ ခုနကပြောသလို ၂၀၁၂ ရုပ်ရှင်ထဲက မာယာခေတ် ဟောစာတမ်း အတိုင်း ဖြစ်လာတာပဲလို့ ဆိုကြတယ်။
လူတွေဟာ အဖြစ်အပျက်တစ်ခုခုကို တွေ့ကြုံရတိုင်း မိမိနဲ့လက်လှမ်းမီရာ သိမှု၊ နီးစပ်ရာ ယုံကြည်မှု၊ ဒါမှ မဟုတ်ရင် လတ်တလော ကာလ ဒေသ ပယောဂ အကန့်အသတ် တစ်ခု အတွင်းမှာ ပူပူနွေးနွေး ဖြစ်ပေါ်နေတဲ့ မိမိ ခံစားချက်တွေနဲ့ ချဉ်းကပ် တုံ့ပြန် တတ်ကြတာပဲ မဟုတ်လား။ မိုး တစိမ့်စိမ့် ရွာနေတဲ့ မနက်ခင်းမှာ အပူအပင် ကင်းစွာ နိုးထလာရတဲ့ မြန်မာပြည် တောင်ဖျားပိုင်း မြို့နယ်တစ်ခုက ကျွန်တော်လို လူတစ်ယောက် အဖို့တော့ ခုနက ကမ္ဘာပျက် နေတဲ့ ကိစ္စတွေထက် ကိုယ်နဲ့ သက်ဆိုင်တဲ့ အလွမ်းနာတွေ ထကြွဖို့ အလွယ်တကူ ဖြစ်လာ ရတာ နေမှာပဲ။ သတင်းတွေ မီဒီယာတွေ လူတွေ ဘယ်လိုပဲ ဆိုဆို ဘာတွေပဲ ဖြစ်ဖြစ် ကျွန် တော်တို့ ဆီမှာတော့ မြေပြင်ရော ရေပြင်ပါ ပုံမှန်အတိုင်းပဲ။ ပြောင်းလဲ ဖေါက်ပြန်တဲ့ အရိပ် အယောင် တစ်ခုမှ မတွေ့ရဘူး။ တိတိကျကျ ဆိုရရင် ကျွန်တော်တို့ မြို့မှာပေါ့လေ။ နည်းနည်း ထူးခြားတာ ဆိုလို့ အခု ရက်ပိုင်းတွေမှာ မိုးရွာတာလောက်ပဲ။ ညနေပိုင်း ညဦးပိုင်းတွေမှာ မိုးက သဲသဲမဲမဲ ရွာလေ့ရှိတယ်။ ကျွန်တော်က ကျွန်တော် အိပ်ယာဝင်ချိန်နဲ့ မနက်အိပ်ယာ ထချိန် တွေမှာ ရွာမယ့် မိုးကို စောင့်နေမိတယ်။ ဒီလို အချိန်တွေမှာ ရွာတာက မိုးရာသီနဲ့ ပိုတူတယ်၊ မိုးရာသီ ပိုပီသတယ်လို့ ကျွန်တော် ထင်တယ်။ ပြီးတော့ ဒီလို မိုးရာသီ ပီပီသသ ဖြစ်အောင် ရွာသွန်းတဲ့ မိုးက အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ အတိတ် ကာလတွေတုန်းက မိုးရာသီတွေမှာ ဖြစ် ပျက်ခဲ့တဲ့ အမှတ်သညာတွေထဲက အဖြစ်အပျက်တွေနဲ့ တိုက်ရိုက် ဆက်သွယ် ပေးလို့ပါပဲ။
ကျွန်တော့် မှတ်ဥာဏ် ဖလင်ပြားထက်မှာ ထင်ကျန် နေသေးတဲ့ အတိတ်ပုံရိပ်တွေက တစ်ကွက် ပြီးတစ်ကွက် မိုးသံ လေသံ နောက်ခံနဲ့ အသံတိတ် ရုပ်ရှင်ဆန်ဆန် ကျွန်တော့်ရဲ့ အတွင်းပိုင်း တစ်နေရာမှာ ပြသနေတယ်။ အတွင်းပိုင်းလို့ ဆိုရတာက မျက်လုံးက တဆင့် တိုက်ရိုက်မြင်တာ မဟုတ်တဲ့ မြင်ကွင်းတွေကို ခန္ဓာကိုယ် အတွင်းပိုင်းရဲ့ ဘယ်နေရာတွေမှာ ဘယ်လို လက်ခံပြီး ပြန်မြင်နေသလဲ အတိအကျ မပြောနိုင်လို့ပဲ။ ဒီနေ့လို ကျွန်တော်တို့ အိမ် ခေါင်မိုးပေါ်မှာရော အိမ်ပတ်ဝန်းကျင်က ရေတံလျှောက်တွေ ခေါင်မိုးတွေ တံစက်မြိတ်တွေပေါ်မှာရော မိုးစက် မိုးပေါက် ကျရောက်သံတွေ ကြားနေ ရတုန်းမှာ၊ ဒီနေ့နဲ့ ထပ်တူ အေးစိမ့် အုံ့ဆိုင်း နေတဲ့ မနက်ခင်း အငွေ့အသက်တွေ ကြားမှာ ကျွန်တော်ဟာ အိပ်ယာက မထချင် ထချင်နဲ့ ထ အဖြူ အစိမ်း ကျောင်းဝတ်စုံလေး ဝတ်ပြီး ကျူရှင်တွေ ကျောင်းတွေ သွားခဲ့တယ်။ ကျွန်တော်ဟာ အိပ်စက်နေရာကနေ မထသေးဘဲ အိပ်ယာထဲမှာ လူးလွန့်ရင်း ပျင်းရိ နေတတ်ခဲ့တယ်။ ကျွန်တော်ဟာ အိပ်ယာ ခြင်ထောင် ထဲကနေ မထွက်ဘဲ တီဗွီက ထွက်လာတဲ့ အသံတွေကို နား ထောင်နေလေ့ ရှိတယ်။ ကျွန်တော် ငယ်ငယ်တုန်းက အိမ်မှာ နေ့ဘက် လျှပ်စစ်မီး မရှိဘူး။ ကျွန် တော်တို့ ကျောင်းပိတ်ရက် ဖြစ်တဲ့ စနေ တနင်္ဂတွေမှာတော့ မြို့မှာရှိတဲ့ မီးစက်ကြီးက လျှပ်စစ်မီး လွှတ်ပေးလေ့ရှိတယ်။ ဒီလိုနေ့တွေမှာ ကျွန်တော်တို့ကလည်း မနက်အစောကြီး ထစရာမလိုဘဲ အိပ်ယာထဲမှာ မိုးအေးအေးလေးနဲ့ ဆက်ကွေးနေလို့ ရတာဆိုတော့ အိပ်ယာ ထဲက မထွက်ဘဲ နေ့ခင်းဘက်မှာ ကြားရတဲ့ တီဗွီတွေ ကက်ဆက်တွေဆီက လာတဲ့ အသံကို နားစွင့်နေရတာကိုက အရသာတစ်ခုလို ဖြစ်ခဲ့တယ်။ ဒီနေ့တော့ ကျောင်းလည်း ပိတ်တယ်၊ မီးလည်း လာနေပြီ၊ ကာတွန်းကား ကြည့်မယ်၊ သီချင်း နားထောင်မယ်လို့ အိပ်ယာထဲကနေ စိတ်ကူး ယဉ်နေလေ့ ရှိတာပေါ့။
အခု ဒီနေ့မနက်မှာ ရွာနေတဲ့ မိုးသံတွေ ကြားမှာလည်း ကျွန်တော်ဟာ အိပ်ယာပေါ်မှာ ဒူးတုတ် ထိုင်ရင်း အရင်က အဖြစ်အပျက်တွေ တစ်ခုပြီး တစ်ခု စိတ်ကူး ယဉ်နေတာပါပဲ။ အရင်က အဖြစ် အပျက်တွေလို့ ဆိုရတာက ယနေ့ယခု ပစ္စုပ္ပာန် ကာလမှာ ကျွန်တော့် အနေနဲ့ ဘာမှ စိတ်ကူး ယဉ်စရာ မရှိလို့ပါပဲ။ အခု အိပ်ယာထဲမှာ ခဏထိုင်ပြီးလို့ ရှိရင် ကျွန်တော်ဟာ အခန်းထဲက ထွက် လာမယ်၊ အိမ်နောက် ဝါရံတာမှာ မျက်နှာသစ် သွားတိုက်မယ်၊ ပြီးတော့ မနက်စာ စားမယ်၊ ပြီးတော့ ဆိုင်ကယ်ကို အိမ်ထဲက ထုတ်၊ တက္ကသိုလ် ကျောင်းအနီးက ကျွန်တော်တို့ ခြံကို သွား မယ်။ အဲဒီမှာ ကျွန်တော်က သံချီးတက်လို့ ကြပ်နေတဲ့ ခြံတံခါး သော့တံကို တကျွီကျွီနဲ့ ဖွင့်မယ်၊ အဲဒီနောက် ကျွန်တော်ဟာ ကွန်ပြူတာကိုဖွင့်၊ မကြည့်ရသေးတဲ့ ရုပ်ရှင်တွေ ထိုးကြည့်၊ သီချင်း တွေ နားထောင်ရင်း သီချင်းတွေ ဗီဒီယိုတွေ လာသွင်းတဲ့ သူကို စောင့်မယ်။ အလုပ်အပ် လက်ခံရတာ များရင် ကျွန်တော်ဟာ ကျွန်တော့် ညာလက် တစ်ဖက်နဲ့ ကွန်ပြူတာ မောက်စ်ကို ကိုင်ရင်း တစ်နေကုန်လို့ ကုန်မှန်းမသိ ကုန်သွားလိမ့်မယ်။ လုပ်စရာ သိပ်မရှိရင်လည်း ကျွန် တော်ဟာ ဂိမ်းနိပ်ချင် နိပ်နေမယ်။ လက်စ မသတ်ရ သေးတဲ့ စာတွေ ဆက်ရေးချင် ရေးမယ်။ ဒါမှမဟုတ် စာမေးပွဲပြီး ကျောင်းပိတ်လို့ အားနေတဲ့ ကျွန်တော့် တူနဲ့တူမ နှစ်ယောက်လက်ထဲ သူတို့ ဂိမ်းနိပ်လို့ ရအောင် ကျွန်တော့် ကွန်ပြူတာကို အပ်လိုက်မယ်။ ကျွန်တော်က စာအုပ် ထူထူတစ်အုပ်နဲ့ ရှိနေမယ်။ ညနေ စောင်းလို့ရှိရင် ကျွန်တော့် ညီဖြစ်ဖြစ် ကျွန်တော့် ဆီလာတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ဖြစ်ဖြစ် ပင်ပေါင် ကစားမယ်။ အိမ်မှာရှိတဲ့ ခွေးတွေကို အစာ ကျွေးမယ်။ ညနေကျရင် အမေ့ကို ခေါ်ပြီး အိမ်ပြန်မယ်။ ညကျရင် အင်တာနက်ဆိုင် ထိုင်ရင် ထိုင်၊ မဟုတ်ရင် ကွန်ပြူတာ စာစီဆိုင် ဖွင့်ထားတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ဆိုင်မှာ သွား ထိုင်မယ်။ ညဆယ့်နှစ်နာရီ ထိုးပြီးမှ အိမ်ပြန်ဖို့ စိတ်ကူးမယ်။ တစ်နေ့ တစ်နေ့ ဒါပဲဆိုတော့ စိတ်ကူးယဉ်စရာက မရှိလှဘူး။
ဒါကို တစ်ယောက်ယောက်က ဖြစ်ဖြစ် ကျွန်တော်ကိုယ်တိုင်က ဖြစ်ဖြစ် လက်မခံချင်လို့ ပြောင်း လဲကြည့်ဖို့ စောဒကတက် ကြည့်ဖို့ တွေးကောင်း တွေးမိမယ်။ ဒါပေမယ့် ဒါဟာ ကိုယ်ကိုယ် တိုင်တောင် ငြင်းဆန် တုံ့ပြန်ဖို့ နေနေသာသာ သတိတောင် မထားမိလိုက်ဘဲ ဖြစ်ပျက် ပြီးသွား ခဲ့တဲ့ အတိတ်က ဖြစ်ရပ်တွေလိုပဲ ကာလ ဒေသ ပယောဂရဲ့ အထက်အောက် ဖိစီးမှုတွေ အောက်မှာ စီးဆင်းနေတဲ့ အခြေအနေ တစ်ခုအဖြစ် လက်ခံ လိုက်ရတာက များတယ်။ တခါ တလေတော့လည်း ဒါက ကိုယ်လက်ခံ ချင်သည် ဖြစ်စေ လက်မခံချင်သည် ဖြစ်စေ ရိုက်ကူး ပြီးသား ရုပ်ရှင်တစ်ကားလို တစ်ခန်းပြီး တစ်ခန်း ရွေ့လျားနေတဲ့ ဖလင်ပြား တစ်ခုလိုပဲ ဖြစ်နေ သလားလို့ ခြောက်ခြောက်ခြားခြား တွေးမိတယ်။
နောက် အနှစ် သုံးလေးဆယ် ကျွန်တော် အသက်ရှင် နေသေးရင် အခုလိုပဲ မပြောင်း မလဲတဲ့ မိုးသံ လေသံတွေ ထပ်ကျ ရောက်လာဦးမယ်ဆိုရင် အခု ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်ကြီးက အတိတ် ပုံရိပ် ဖလင်ပြားတွေ ဖြစ်သွားဦးမှာပဲ။ အဲဒီအခါကျရင် ကျွန်တော် ကြိုးစား ရုန်းကန် ခဲ့သ လောက် ထင်တိုင်း မဖြစ်ခဲ့တာတွေ ၊ ကျွန်တော် အလိုလို နေရင်းက ပျော်ရွှင် ကျေနပ်မှု ရခဲ့တာ တွေကို ပြန်တွေးပြီး ကိုယ့်ဘဝကိုယ် ခေါင်းတခါခါနဲ့ ပြုံးရယ် မိဦးမလားပဲ။ အခုတော့ ကျွန်တော် က အခုအချိန်နဲ့ စာရင် အတိတ်အဖြစ် ကျန်ခဲ့ပြီဖြစ်တဲ့ ဖြစ်စဉ်တွေကို စိတ်ကူးယဉ်နေတယ်။ စိတ်ကူးယဉ်တယ် ဆိုတာ ပျင်းရိသူတွေရဲ့ အလုပ်၊ တွေဝေသူ၊ လက်တွေ့ မကျသူတွေရဲ့ အလုပ် အားအားယားယား နိုင်သူတွေရဲ့ အလုပ်လို့ ထင်မှတ်စရာ ကောင်းပေမယ့် စိတ်ကူး ယဉ် တယ်ဆိုတာက လူသား တစ်မျိုးတည်းသာ လုပ်နိုင်တာ မဟုတ်လား။ အလွမ်း အဆွေးတို့ ဘာတို့ ဆိုတာလည်း ကောင်းတာ မကောင်းတာ အပထား လူသား တစ်မျိုးတည်း မှာသာ ပီပီ ပြင်ပြင် ဖြစ်ပေါ်လေ့ ရှိတာလို့ ကျွန်တော်ထင်တယ်။ ပီပီပြင်ပြင်ဆိုတာက ကျွန်တော်တို့ သိထား တဲ့ ဘာသာစကား ကြောင့်လား ကျွန်တော်တို့ တည်ဆောက်ထားတဲ့ သိမှုတွေ ကြောင့်လား မပြောတတ်ပေမယ့် လူမှာ အလွမ်းအဆွေး ဓါတ်ခံ ဖြစ်ပေါ် ပေါက်ဖွား တတ်တာကတော့ အမှန်ပဲ။ ဒီအတွက် လူဟာ ဂုဏ်ယူကျေနပ်ရမလား၊ ကိုယ်သိထား တတ်ထားတဲ့ တည်ဆောက် ချက်တွေနဲ့ အရူး လုပ်ခံနေရတာ ဆိုပြီး စိတ်ပျက် အားငယ်ရမလား။
ဒီနေ့ဒီရက်လို မိုးသဲသဲမဲမဲ ရွာနေခဲ့တဲ့ မူလတန်း အလယ်တန်း အထက်တန်း နောက်ဆုံး တက္ကသိုလ် ရောက်တဲ့အထိ ၊ စာမေးပွဲဖြေဆိုပြီးတဲ့ နောက်ဆုံးနေ့ရက်တွေ မျိုးမှာ ကျောင်းမှာ ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ခွဲခွာ တချို့ဆို နှုတ်တောင် မဆက်ဖြစ်ဘဲ ခွဲခွာသွားခဲ့ကြတဲ့ ပုံရိပ်တွေကတော့ ကျွန်တော့် မှတ်ဥာဏ် ဖလင်ပြားထက် ပြက်ပြက် ထင်ထင်အရှိဆုံး ပုံရိပ်တွေပါပဲ။ အဲဒီအချိန်တွေက ခွဲခွာသွားကြတဲ့ သူငယ်ချင်း တွေ ထဲက တချို့ကို ဒီနေ့ထိ ပြန် မတွေ့ရတော့ဘူး။ ဘယ်တွေ ရောက်လို့ ဘာတွေဖြစ်နေပြီ ဆိုတာလည်း သတင်း အစအနတောင် မသိရတော့ဘူး။ တချို့ကိုတော့ ပြန်တွေ့ရတယ်။ တချို့ ကိုတော့ ကိုယ်နဲ့ တစ်မြို့တည်းမှာ တွေ့ဆဲ ရှိဆဲပဲ။ ဒါပေမယ့် သူတို့ကိုလည်း ပြန်မတွေ့ရ တော့ပါဘူး။ သူတို့ဟာ ကျွန်တော့် မျက်လုံးနဲ့ မြင်တွေ့ နေရပါလျက် ပျောက်ဆုံး သွားတယ်။ ကျွန်တော့် မျက်လုံး အမြင်အာရုံကနေ တိုက်ရိုက် စီးဆင်းနေတာ မဟုတ်တဲ့ ကျွန်တော့် ကိုယ် တွင်း တစ်နေရာက အသံတိတ် ရုပ်ရှင်တွေကတော့ ပူနွေး တောက်ပစွာ ရှင်းလင်း ပြတ်သား စွာနဲ့ ဆက်လက် ပြသနေဆဲပဲ။
မောင်ယုပိုင်
၂၀၁၁ မတ်လ
http://www.openmindblog.info/?cat=7
Friday, May 27, 2011
မိုးရွာသောနေ့တစ်နေ့ စာစီစာကုံး


0 comments:
Post a Comment