မင်းပြောတဲ့ ဒုက္ခကို တစ်ထုတ်လုံး ဖောက်ထည့်လိုက်တယ်
တိုက်လေယာဉ်လို သိန်းငှက်လို
စစ်မြေပြင်ပေါ် ဖြတ်ပျံရတဲ့ အခါလည်းရှိမယ်
လမ်းအပျက်ကို ဖြတ်ကူးရတဲ့ အခါလည်းရှိမယ်
ကိုယ့်အပေါ် ပျက်ကျလာတဲ့ အမှောင်ဆိုလည်း
အနာဖတ်လို ဖဲ့ထုတ်ပစ်လိုက်မယ်
ပါးရိုက်ရင် နားကိုက်တဲ့အရွယ်
ရှင် ပြန်မလာတော့ဘူးလား
ဘာဖြစ်လဲကွာ၊ ပြော၊
မကြိုက်လို့ ခေါင်းခါပစ်ခဲ့တယ်။
ပန်းဆိုးတန်း တံတားမှာ မိုးခိုရတဲ့ အခါလည်းရှိမယ်
ပြေးနေတဲ့ ဘတ်စ်ကားပေါ် ပြေးတတ်ရတဲ့ အခါလည်းရှိမယ်
မနက်က ဘာမှာသွားသေးလဲ
ပြောလိုက်ရင် တငိုင်ငိုင်နဲ့ နားအုံဆင့် ရိုက်လိုက်ဦးမယ်
သွား ကျစိမ့်တစ်ခွက်ကို ကဗျာနှစ်ဇွန်းခေါက်ထည့်ခဲ့
အေး၊ နေရာဟောင်းလည်း မပြန်ဘူး
အနာဟောင်းလည်း မဖြေဘူး
ကမ္ဘာ့ကဗျာစစ်ပေါ်မောင်ချောနွယ် ခုန်ချလိုက်သလို
ပုရွက်ဆိတ်အုံပေါ် အရက်ခွက် မှောက်ကျသွားသလို
ဟေ့ကောင် မင်းတို့ရပ်ကွက်ထဲ ဘယ်ကောင်ဆရာလဲ
လမ်းပေါ် ညှော်နံ့တွေနဲ့ ဖောင်းကားလို့၊ ငါတို့
ရွေ့နေတဲ့ ရှုခင်းများ ပန်းချီပြပွဲကို
ကမ္ဘာမြို့လေးများ၊ ဘူတာနဲ့ ဘတ်စ်ကားဂိတ်များမှာ
တစ်ခေတ် တစ်ချိန် တစ်ပြိုင်တည်း ပြသသွားမယ့်အကြောင်း၊
ကမ်းမမြင်လည်း လက်ပစ်ကူးတဲ့အရွယ်
မရောက်သေးတဲ့ ပန်းတိုင်ဆီကို
ဒီလို အခုလို၊ ငါတို့။ ။
ဆောင်းဝေ(နက်မောက်)
Wednesday, May 25, 2011
အိမ်မကပ်တဲ့အရွယ်


0 comments:
Post a Comment