(၁)
နိုင်လွန် လမ်းမပေါ်မှာ ဖိနပ်မပါတဲ့ လေဟာ ဦးတည်ရာမဲ့ ရှပ်တိုက်ပြေးလွှားနေလေရဲ့ ဝါကြန့်ကြန့် သစ်ရွက်အိုတို့ ဘဝကို အရှုံးနဲ့ စွန့်ခွာခဲ့ရသူမို့ ရွှေရင်တဆို့ဆို့ မြေပေါ်မှာ လူးလှိမ့်လို့ပေါ့။ ရန်ကုန်ရဲ့ မေလ အပူလှိုင်းလုံးတွေ ထ (မောင်လေးအောင်…) မင်းအတွက် မင်းအတွက် ပင့်သက် ချီနေတာများလား။ ပူပြင်းရက်စက်တဲ့ နွေရဲ့ရင်ခွင်မှာ မင်းဟာ မင်းချစ်တဲ့ ငါတို့ကို ရက်စက်စိမ်းကားစွာနဲ့ စွန့်ခွာသွားခဲ့တယ်လေ။ ၁၉၇၇ မေလ ဟော ကြည့်စမ်းပါ ဆယ်စုတစ်ခေတ်ဆိုတဲ့ကာလ မနေ့တစ်နေကလို အလျားတိုတိုကလေးပါလား။ မောင်ယဉ်မွန် ကွယ်လွန်ခဲ့တုန်းက မင်းရေးဖွဲ့တဲ့ ကဗျာမျက်ရည်ကို အင်အားအဖြစ် ပြောင်းပစ်လိုက်တဲ့ ကဗျာ မင်းမှတ်မိနေဦးမှာပေါ့။
“ပန်းတွေ
ကြွေနေဆဲပါ သူငယ်ချင်း
ဒါပေမယ့်
ပန်းတွေ ဝေနေဦးမှာပဲ
သူငယ်ချင်း” …. တဲ့ 
ဟုတ်ပေရဲ့
မင်းမရှိတော့တဲ့ နောက်ပိုင်းမှာ ကဗျာမုန်တိုင်းတွေ ထန်လာတယ် ကဗျာရေစီးတွေ သန်လာတယ် ဒါပေမယ့် မင်းပြောခဲ့သလို ပန်းတွေ ဝေနေဆဲပါ သူငယ်ချင်း ….။ ဖြစ်တည်မှုရဲ့ ကြောင်လိမ်လှေကားပေါ်မှာ မင်းချစ်ခဲ့တဲ့ ကဗျာ ၂၁ ရာစုမှာ ပိုပြီး ကျန်းမာလာဦးမှာပါ။
(၂)
မြင့်မြတ်တဲ့၊ ခေါင်းပုံမဖြတ်တဲ့၊ သွေးစုတ် မခြယ်လှယ်တတ်တဲ့၊ ရိုးသားဖြောင့်မတ်တဲ့ ကဗျာဆရာတစ်ယောက် ထာဝရ အိပ်စက်နားခိုဖို့ မြေဝသုန်ဟာ နွေးထွေးယုယစွာနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ တယ်မဟုတ်လား။ “ရေနဲ့ နာမည်ရေးသူ လဲလျောင်းရာ” ကဗျာဆရာ ဂျွန်ကိရဲ့ အုတ်ဂူပေါ်က စာတန်းဟာ သိပ်ပြီးတော့ ရိုးသားပါတယ်။ တကယ်တော့ ရေနဲ့ နာမည်ကို ကမ္ပည်းထိုးခဲ့သူတွေဟာ ကက်ပလင်းလို၊ အိုက်စတာပေါင်းလို လူစားတွေ ဖြစ်တယ်။ သူငယ်ချင်းလို၊ ညီအစ်ကိုလို၊ ရဲဘော်လို၊ ချစ်ရတဲ့ မောင်လေးအောင်ရေ မင်းနာမည်ကို မင်းဟာရေနဲ့ ရေးသွားခဲ့တာ မဟုတ်ဘူး နှလုံးသွေးနဲ့၊ နှလုံးသွေးနဲ့ ရေးသွားခဲ့တာပါ။ ဆွေးနေတဲ့ နံရံပေါ်မှာ မင်းကဗျာ ရေးခဲ့တာမဟုတ်ဘူး။ သံမဏိနံရံပေါ်မှာ မင်း ကဗျာရေးခဲ့တာ ဖြစ်တယ်။ ရဲဘောကြီးရေ ပန်းတွေ ဝေလိုက် ကြွေလိုက်၊ နေဝင်လိုက် ထွက်လိုက်၊ နေ့ဖြစ်လိုက် ညဖြစ်လိုက်၊ မိုးရွာလိုက် နေပူလိုက်၊ အမူးပြေလိုက် မပြေလိုက်နဲ့ မင်းမရှိတော့တဲ့ ဆယ်စုနှစ်ရဲ့ လွမ်းမောဖွယ် အကာလ ပုဇွန်တောင်ရဲ့ ညနေခင်း မသင်းပျံ့တော့ဘူးလေ။
မောင်သင်းခိုင်
http://www.kaungkin.com/index.php?option=com_content&view=category&layout=blog&id=42&Itemid=62
Friday, May 27, 2011
ဆယ်စုတစ်ခေတ်ရဲ့ အလွမ်းမှန်ကူကွက်


0 comments:
Post a Comment