Monday, June 6, 2011

"လက်ဆောင်မွန်"

ရာသီက ပန်းကိုစောင့်တယ်
အလွမ်းက ငါ့ကို စောင့်တယ်
တစ်မိုးလုံး ဖျောက်ဆိပ်ချည်းလို့
ဘယ်သူပြောလဲကဲ ဟောသည်မှာ
ဘယ်သူပြောလဲ တစ်တောလုံးကြွေ
ဒီသီချင်းကို မောင်ဒေါင်းလည်း ဆိုတယ
်ဗညားလှိုင်ဦးလည်း ဆိုတယ်
ပြန်မတွေ့တာကြာပြီဖြစ်သော
ငယ်သူငယ်ချင်းမလေး ယုယုလွင်လည်း ဆိုတယ်
ချေ လည်း ဆိုတယ်
အမေလည်း ဆိုတယ်
လွမ်းတတ်သူများသမဂ္ဂမှာ
ခင်ဗျားနာမည်စာရင်းပေါက်ပါပေါ့
ကိုနောင်မင်းနိုင်။
လူပြောသူပြောလမ်းထဲ
လူလွမ်းသူလွမ်း ပြောဖြစ်တာတွေ
နောက်ဆုံး အသံ
အကျယ်ကြီးထွက်ပြပြီးမှ
ရွာမယ့်မိုးက
လာမယ့်မိုးကို ဆီးလို့ကြိုမယ်လုပ်တယ်
တကယ်တော့ဆုတောင်းခန်းတွေက ထွန်းညှိလိုက်တဲ့အသံပါ
တစ်လွမ်းလွမ်း တစ်လွင့်လွင့်
စီးဆင်းနေတဲ့
ပန်းပွင့်ဝါဝါလေးတို့ရဲ့
ဆွတ်ကျင်မွှေးမြ အနာတရကို
စိုက်ပျိုးခဲ့ခြင်းလည်း ဖြစ်ပေရဲ့
တရားကို နတ်စောင့်သတဲ့
ဒါဆို
မတရားတာကို ဘာစောင့်ပါလိမ့် မိတ်ဆွေတို့
ရာသီက ပန်းကို စောင့်တယ်
အလွမ်းက ငါ့ကို စောင့်တယ်
မတရားတာကို ဘာစောင့်ပါလိမ့်မိတ်ဆွေတို့
အဖြူစင်ဆုံးဟာ
အဖြူစင်ဆုံးမဖြစ်ခဲ့တော့ဘူးဆိုရင်
အဲဒီမေတ္တာတရားဆီ
ငါမရောက်ရောက်အောင်သွားပါရစေ
မတားပါနဲ့
ဘီလူးနက္ခတ်မှာလည်း
နံ့သာပန်းတွေပွင့်ခွင့်ရှိကြောင်း
နှောင်းလူတို့ သိကြားပါစေလေ
ဗုဒ္ဓရဲ့အဆုံးအမမှာ
အပ္ပမာဒေန သမ္ဗာဒေထ
ကိုယ့်ဒဏ်ရာကိုယ် မမေ့ဖို့တော့
လိုရဲ့မဟုတ်လား
ငါတို့ဟာ ပြောကြရတယ်
ငါတို့ဟာ စကားတွေ ပြောကြရတယ်
ငါတို့ဟာချစ်ခြင်းမေတ္တာအတွက် စကားတွေပြောကြရတယ်
ကရားထဲက ရေကျသလို စကားတွေက
အမှားထဲက ရွှေတွေ့သလို တရားတွေအကြောင်း
ငါတို့ဟာ
နောင်နှစ်ပေါင်းများစွာ ပြောနေကြရဦးမယ်မဟုတ်လား
တောင်တန်းတွေဟာ
ငြိမ်သက်တိတ်ဆိတ်သလောက်
ဝါးရွက်တွေကတော့
အသံအကျယ်ကြီး လှုပ်ခတ်ကြတယ်လေ
မိတ်ဆွေတို့
အစ်ကိုတို့
သူငယ်ချင်း ညီအစ်ကိုတို့ရေ
ဒီနွေဦးဟာ
ကျွန်တော်တို့လက်ထဲမှာ
ပွင့်ဖူးရမယ်ဆိုတာ သေချာခဲ့ပြီ။ ။

Aမွန်

0 comments:

Post a Comment