Monday, October 21, 2013

ကဗျာ

သိဒ္ဓတ္ထ

အသက်သုံးဆယ့်ငါးထိ ဘ၀ဟာ ပိုပြီးလွယ်လာတယ်ဆိုတာမရှိခဲ့ဘူ
သုံးဆယ့်တစ်ဘုံအနှံ့ အမှောင်တွေပြန့်နေတာ မကြိုက်ဘူး
လေထဲတဖျပ်ဖျပ်လူးနေတဲ့ အလံရဲ့အနားစတွေ
တဏှာထဲတဖျပ်ဖျပ်လူးနေတဲ့ လူသားများရဲ့စိတ်အနားစတွေ
အမှောင်စီးကြောင်း၊အမှောင်တိုက်ပွဲ၊အမှောင်လှိုင်း
ရိုင်းကြစမ်း၊ယဉ်ကျေးဖို့ငါလာခဲ့ပြီ
မီးနဲ့အပူများလွတ်ရာမှာ ဖူးပွင့်ဖို့ ငါလာခဲ့ပြီ။
" အာဏာကို လွှဲပေးပါ"ဆိုတဲ့ဒေ၀ဒတ်တွေ
" ရှင်က ဒီမှာပျော်နေတယ်ပေါ့လေ"ဆိုတဲ့စိဉ္စမာနတွေ
လူကိုလိမ်လို့ရပြီး ကံကိုလိမ်လို့မရတော့
မြစ်ကိုပင်လယ်က မြိုသလို့ အဓမ္မကို ဓမ္မကမြိုလိုက်ပြီ။
ခေတ်ထဲလွင့်ပါနေတဲ့ ဖုန်မှုန့်တွေ ကာဗွန်တွေ စကားလုံးတွေ
အကာကိုဖယ်ကြ၊အနှစ်ကိုရှာကြ
အရေပြားကိုဓားနဲ့ခြစ်သလို စကားလုံးတွေခြစ်ထုတ်ကြ၊ပရမတ္ထဆီသွားကြ
နည်းပညာနဲ့အတတ်ပညာများကိုဖြဲပြီး အနှစ်ကိုနှိုက်ကြ
အမြစ်ကိုဖြိုမယ်၊အပင်ကိုလှဲမယ်၊ငါလာခဲ့ပြီ။
အချစ်ကြောင့်ကျခဲ့တဲ့မျက်ရည်က ဘ၀တိုင်းဆိုတော့
ချစ်တဲ့မုန်းတဲ့အကြောင်းများလည်
ပွင့်ဖတ်အိုများလို့ သူ့အလိုလိုကြွေကျ သေဆုံးစေတော့။
လေးအသင်္ချေမက သိမ်းထားခဲ့တဲ့အမွေ
တစ်ချိန်ကျ ပေးမှာပါ ရာဟုလာ။
အခုတော့ အို...အနော်မာ
ရင်ကိုဖွင့်ပြီး င့ါကိုကြိုပါ
မြေကမ္ဘာမှာ ဓမ္မစည်ကိုမြည်စေဖို
မြင်းဇာတ်ကြိုးကို လွှတ်ပေးလိုက်ပြီ
သန်းခေါင်ယံ လှိုင်းပုတ်သံများဆီ ။ ။



                   ဆောင်းဝေ
                ၁၉.၉.၂၀၁၃

0 comments:

Post a Comment