Friday, May 27, 2011

တောင်အမေရိကသွားချင်တယ်

စပိန်စကားမတတ်ပေမယ့်
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် …
အောက်တိုဗီယိုပါ့ဇ်ရဲ့ ကဗျာတွေ
အက်ဆေးတွေကို သဘောကျလို့
ကာလို့စ်ဆန်တားနားရဲ့
ဂစ်တာသံကို သဘောကျလို့ …

စပိန်စကားမတတ်ပေမယ့်
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် …

ချေဂွေဗားရား ကျဆုံးခဲ့တဲ့
ဘိုလီးဗီးယားတောတွင်းတနေရာကို
သွားကြည့်ချင်တယ်
မက္ကဆီကို စီးတီးက ကဖေးတခုမှာ
ဂါစီယာမားကွက်ဇ်နဲ့
အထီးကျန်နှစ်တစ်ရာအကြောင်း
မေးကြည့်ချင်တယ်
ဗြူနိုအေရီမှာ မာရာဒိုနာနဲ့တွေ့ပြီး
လာမယ့် ကမ္ဘာ့ဖလားအကြောင်း
စကားကောင်းမယ် …

မက်ဒရစ်ရောက်ရင် နီရူဒါနေခဲ့တဲ့အိမ်ကို
လိုက်ရှာမယ်
ပြီးတော့ … သူ့ရဲ့ကဗျာတွေပြန်ဖတ်မယ်
ဗင်နီဇွဲလားက ရေနံတွင်းအလုပ်သမားတွေနဲ့
ဗျစ်ရည်ခါးခါးကို အတူသောက်မယ် …

ရီယိုမြို့က ကပွဲရုံတွေမှာ
ကချေသည်မတွေရဲ့ ဆမ်းဗားအက ကြည့်မယ် …

ပီရူးရွှေတွင်းက အလုပ်သမား ကဗျာဆရာတွေနဲ့
ဂလိုဗယ်လိုက်ဇေးရှင်းအကြောင်းဆွေးနွေးချင်တယ်
ရီယိုဒီဂျနေရိုက မူလတန်းကျောင်းတွေမှာ
ဘရာဇီးကလေးတွေ
ဘောလုံးကစားတာသွားကြည့်မယ်
ဟာဗားနားမှာ ဟာဗားနားဆေးပြင်းလိပ်ကိုခဲပြီး
ဂလိုရီယာအိစ်ဖန်းရဲ့ သီချင်းတွေနားထောင်မယ် …

စပိန်စကားမတတ်ပေမယ့်
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် …

ကိုလံဘီယာရောက်ရင် မာဖီးယားတွေကို
သေသွားတဲ့
သူငယ်ချင်းဆေးသမားတွေအကြောင်းပြောပြမယ်

စပိန်စကားမတတ်ပေမယ့်
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် …

ဂျနီဖာလိုပက်ဇ်ရေ …
ငါ့ကိုလေယာဉ်လက်မှတ်
မြန်မြန်ဝယ်ပို့လိုက်ပါတော့။

(ကြည်မောင်သန်း)
အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆု (၂၀၀၅)’ ရတဲ့ ‘တောင်အမေရိကကိုသွားချင်တယ်’ ကဗျာ

0 comments:

Post a Comment