Friday, May 27, 2011

ဆယ်စုတစ်ခေတ်ရဲ့ အလွမ်းမှန်ကူကွက်

(သရုပ်ဖေါ် ပန်းချီ မင်းကျော်ခိုင်)
(၁)

နိုင်လွန် လမ်းမပေါ်မှာ ဖိနပ်မပါတဲ့ လေဟာ ဦးတည်ရာမဲ့ ရှပ်တိုက်ပြေးလွှားနေလေရဲ့ ဝါကြန့်ကြန့် သစ်ရွက်အိုတို့ ဘဝကို အရှုံးနဲ့ စွန့်ခွာခဲ့ရသူမို့ ရွှေရင်တဆို့ဆို့ မြေပေါ်မှာ လူးလှိမ့်လို့ပေါ့။ ရန်ကုန်ရဲ့ မေလ အပူလှိုင်းလုံးတွေ ထ (မောင်လေးအောင်…) မင်းအတွက် မင်းအတွက် ပင့်သက် ချီနေတာများလား။ ပူပြင်းရက်စက်တဲ့ နွေရဲ့ရင်ခွင်မှာ မင်းဟာ မင်းချစ်တဲ့ ငါတို့ကို ရက်စက်စိမ်းကားစွာနဲ့ စွန့်ခွာသွားခဲ့တယ်လေ။ ၁၉၇၇ မေလ ဟော ကြည့်စမ်းပါ ဆယ်စုတစ်ခေတ်ဆိုတဲ့ကာလ မနေ့တစ်နေကလို အလျားတိုတိုကလေးပါလား။ မောင်ယဉ်မွန် ကွယ်လွန်ခဲ့တုန်းက မင်းရေးဖွဲ့တဲ့ ကဗျာမျက်ရည်ကို အင်အားအဖြစ် ပြောင်းပစ်လိုက်တဲ့ ကဗျာ မင်းမှတ်မိနေဦးမှာပေါ့။

“ပန်းတွေ

ကြွေနေဆဲပါ သူငယ်ချင်း

ဒါပေမယ့်

ပန်းတွေ ဝေနေဦးမှာပဲ

သူငယ်ချင်း” …. တဲ့ 

ဟုတ်ပေရဲ့

မင်းမရှိတော့တဲ့ နောက်ပိုင်းမှာ ကဗျာမုန်တိုင်းတွေ ထန်လာတယ် ကဗျာရေစီးတွေ သန်လာတယ် ဒါပေမယ့် မင်းပြောခဲ့သလို ပန်းတွေ ဝေနေဆဲပါ သူငယ်ချင်း ….။ ဖြစ်တည်မှုရဲ့ ကြောင်လိမ်လှေကားပေါ်မှာ မင်းချစ်ခဲ့တဲ့ ကဗျာ ၂၁ ရာစုမှာ ပိုပြီး ကျန်းမာလာဦးမှာပါ။

(၂)

မြင့်မြတ်တဲ့၊ ခေါင်းပုံမဖြတ်တဲ့၊ သွေးစုတ် မခြယ်လှယ်တတ်တဲ့၊ ရိုးသားဖြောင့်မတ်တဲ့ ကဗျာဆရာတစ်ယောက် ထာဝရ အိပ်စက်နားခိုဖို့ မြေဝသုန်ဟာ နွေးထွေးယုယစွာနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ တယ်မဟုတ်လား။ “ရေနဲ့ နာမည်ရေးသူ လဲလျောင်းရာ” ကဗျာဆရာ ဂျွန်ကိရဲ့ အုတ်ဂူပေါ်က စာတန်းဟာ သိပ်ပြီးတော့ ရိုးသားပါတယ်။ တကယ်တော့ ရေနဲ့ နာမည်ကို ကမ္ပည်းထိုးခဲ့သူတွေဟာ ကက်ပလင်းလို၊ အိုက်စတာပေါင်းလို လူစားတွေ ဖြစ်တယ်။ သူငယ်ချင်းလို၊ ညီအစ်ကိုလို၊ ရဲဘော်လို၊ ချစ်ရတဲ့ မောင်လေးအောင်ရေ မင်းနာမည်ကို မင်းဟာရေနဲ့ ရေးသွားခဲ့တာ မဟုတ်ဘူး နှလုံးသွေးနဲ့၊ နှလုံးသွေးနဲ့ ရေးသွားခဲ့တာပါ။ ဆွေးနေတဲ့ နံရံပေါ်မှာ မင်းကဗျာ ရေးခဲ့တာမဟုတ်ဘူး။ သံမဏိနံရံပေါ်မှာ မင်း ကဗျာရေးခဲ့တာ ဖြစ်တယ်။ ရဲဘောကြီးရေ ပန်းတွေ ဝေလိုက် ကြွေလိုက်၊ နေဝင်လိုက် ထွက်လိုက်၊ နေ့ဖြစ်လိုက် ညဖြစ်လိုက်၊ မိုးရွာလိုက် နေပူလိုက်၊ အမူးပြေလိုက် မပြေလိုက်နဲ့ မင်းမရှိတော့တဲ့ ဆယ်စုနှစ်ရဲ့ လွမ်းမောဖွယ် အကာလ ပုဇွန်တောင်ရဲ့ ညနေခင်း မသင်းပျံ့တော့ဘူးလေ။

http://www.kaungkin.com/index.php?option=com_content&view=category&layout=blog&id=42&Itemid=62

အင်္ဂလန် နိင်ငံ သရုပ်ဆောင်သမဂ္ဂ ရာသက်ပန် အသင်းဝင် ဇာဂနာ

ပန်းချီ မုတ်သုန်

အင်္ဂလန်နိုင်ငံEquity လို့လူသိများတဲ့ သရုပ်ဆောင်များ သမဂ္ဂ က မြစ်ကြီးနားထောင်အတွင်း အကျဉ်းကျနေတဲ့ လူရွင်တော် ဇာဂနာ ကို

ရာသက်ပန် ဂုဏ်ထူးဆောင်အဖွဲ့ဝင် ဆု ကို ချီးမြင့်ဘို့ ဆုံးဖြတ်လိုက်ပြီး လာမဲ့ တနင်္ဂနွေ နေ့မေလ ၂၂ ရက်နေ့လုပ်မဲ့ သမဂ္ဂ ညီလာခံ မှာ

တရားဝင် ချီးမြင့်မယ်လို့ ဆိုပါတယ်။

လူရွင်တော် ဇာဂနာ ဟာ လောလောဆယ် မှာ မြစ်ကြီးနားထောင်ထဲ မှာ ထောင်ဒဏ် ၃၅ နှစ်ကျခံနေခဲ့ရာမှ လွန်ခဲ့ အပတ် မြန်မာနိုင်ငံ

သမ္မတကြီး ဦးသိန်းစိန် ရဲ့ သနားကြင်နာ မှုကြောင့် ထောင်ဒဏ် တစ်နှစ် လျော့ပေါ့ခွင့်ခံစား တာမို့ ခုဆိုရင် ၃၄ နှစ် ကို ကျခံ နေရတယ်လို့

ပြောရမှာဖြစ်ပါတယ်။

လူ၇ွှင်တော် ဇာဂနာ ၁၉၉၅ ဒုတိယ အကြိမ် ထောင်က လွတ်မြောက်လာစဉ် အခါက မဟေသီ မဂ္ဂဇင်း မှ သတင်းထောက် နဒီ က ဗိဒီယို ရိုက်ကွင်း တွင်

သွားရောက်မေးမြန်းခဲ့ သော အင်တာဗျူး မှ အမေးအဖြေတချို့ ကို ကောင်းကင်စာဖတ်သူများ အတွက် ကိုဇာဂနာ အလွမ်းပြေ အဖြစ်

ပြန်လည် ကူးယူ ဖေါ်ပြအပ်ပါတယ်။

စာတည်းအဖွဲ့ 

မေး ။ ။ဇာဂနာ နဲ့ နှစ်အတန်ကြာ ဝေးကွာခဲ့တဲ့ အနုပညာလောကထဲ ပြန်ခြေလှမ်းခဲ့ ချိန်မှာ ဘယ်လို ကွာခြားမှုတွေ တွေ့ရပြီး ဘယ်လိုခံစား ခဲ့ရပါသလဲ။

ဖြေ။ ။ဇာဂနာဟာ ပြောင်းလဲမသွားသလို ပရိတ်သတ်ဟာ လည်းပြောင်းလဲ မသွားပါဘူး။ ဒါကြောင့် ကွာခြားမှု မတွေ့ရဘူး။ တစ်ခုတော့ရှိတယ်။ ကျွန်တော်

လုပ်ပြချင်တာတွေ ပရိတ်သတ်ဆီ မရောက်နိုငသေးတာပါပဲ။

မေ။ ။ဇာဂနာ ကျင်လည်ခဲ့တဲ့ ရတဲ့လူရွှင်တော် ဘ၀ကို လွမ်းပါသလား။ ဘယ်လို အလွမ်းမျိုးနဲ့ လွမ်းပါသလဲ။

ဖြေ။ ။ကျွန်တော် မလွမ်းတတ်ပါဘူး။ ကျွန်တော်က လရောင်အောက်မှာ ထိုင်ပြီး စမ်းရေစီးသံကိုအတွေးနဲ့ နားဆင်မယ့်လူမဟုတ်ဘူး။

စမ်းချောင်းဆီ အရောက်သွားမယ့် လူပါ။

မေး။ ။ လောလောဆယ် ကျင်လည်နေရတဲ့ ဗီဒီယိုလောက ကို ရော ဘယ်လို သဘောထားပါသလဲ။

ဖြေ။ ။ မြစ်ရေတစ်ခုပါ။ ရေဆင်းချိုးတဲ့လူတွေ၊ ငါးမျှားတဲ့လူတွေ ၊အ၀တ်လျော်တဲ့လူတွေ၊ စုံလို့ပဲ။အညစ်အကြေးစွန့်တဲ့

လူလည်းပါတာပေါ့ ။ဒါပေမဲ့ မြစ်ရေကတော့ စီးဆင်းလျက်ပါပဲ။

မေး။ ။ဗီဒီယို ပရိတ်သတ်အပေါ် ဘယ်လို စေတနာမျိုးနဲ့ အလုပ်လုပ်နေတယ် ဆိုတာ သိပါရစေ။

ဖြေ။ ။ ကျွန်တော် စေတနာကတော့ တစ်ခုတည်းပါ။ '' ကျန်ခဲ့စေချင်တယ်'' ဒါပါပဲ။

မေး။ ။ဒီနေ့ခေတ်မှာ အငြိမ့်မင်းသမီး တစ်ယောက်ရဲ့ ရပ်တည်မှု ဘ၀ပီပြင်ဘို့ ဘယ်လိုအရာတွေလိုအပ်မယ်ဆိုတာ ။

ထိုအတူ လူရွင်တော် တစ်ယောက်အနေနဲ့ ရပ်တည်ဘို့ ဘာတွေ လိုအပ်မယ် ဆိုတာ တွေးမိသလောက်ပြောပြပါဦး။

ဖြေ။ ။ မင်းသမီးပဲဖြစ်ဖြစ် လူရွှင်တော်ပဲ ဖြစ်ဖြစ် ရပ်တည်မှု ဘ၀ပီပြင်ဖို့ ကတော့ ယုံ ကြည်မှု နဲ့ ဇွဲ ပါပဲ။

မေး။ ။ဇာဂနာပြောချင်တဲ့ ဇာဂနာ အကြောင်း လို့ ခေါင်းစဉ်ပေးလိုက်မယ် ဆိုရင် ဘာတွေပြောမလဲ။

ဖြေ။ ။ခက်တော့ခက်တယ်ဗျာ။ ကျွန်တော်က သိပ်မပြောချင်ဘူး။ လုပ်ပြချင်တယ်။ ကျွန်တော်အကြောင်းကို ကျွန်တော် သားတွေ

မြေးတွေ။ မြစ်တွေ က ပြောကျန်ရစ်စေချင်တယ်။ အဲဒါကျွန်တော် ရဲ့ အတ္တ ပဲ။

မေး။ ။ လူရွှင်တော် ဘ၀မှာ ဘယ်လိုဒုက္ခ တွေကြုံတွေ့ခဲ့ရပါသလဲ။ အဲဒီအခက်အခဲတွေ အပေါ် ဘယ်လိုသဘောထားပါသလဲ။

ဖြေ။ ။အောင်မြင်အောင်ကြိုးစားတဲ့ လူတိုင်းမျာ အခက်အခဲတွေ နဲ့ ရင်ဆိုင်ကြရမှာပဲ။အဖြေရှာရင်း အိပ်မောကျနေတဲ့ သူတွေ ၊

တက်ကျိုး သွားတဲ့လူတွေ ဒုနဲ့ဒေးပါ။ ကျွန်တော်ကတော့ ဖြစ်မြဲ ဓမ္မတာလို့ သဘောထားပါတယ်။ ရင်ဆိုင်ဘို့ က ကိုယ့်တာဝန်

ပဲ။လူ့ဘ၀ဟာ သင်္ချာ မဟုတ်တဲ့ အတွက် နောက်ဆုံးထွက်သက်မှာ အဖြေ (တစွန်းတစ)တော့ရကောင်းပါရဲ့။

မေး။ ။ဇာဂနာ နောက်ထပ်ဆယ်နှစ်အတွင်း ဘာတွေလုပ်ချင်နေဦးမယ်။ ဘာတွေဖြစ်နေဦးမယ်ဆိုတာ မြည်းစမ်းပါရစေလား

ဖြေ။ ။သေချာတော ကတာ့ ကျွန်တော်ဟာ အတ္တ ကိုမပယ်နိုင်တဲ့ လူတစ်ယောက်ပါ။ဒေါသရော လောဘရော မောဟရော အကုန်လုံးရှိတယ်။

ဒါကြောင့် နောက်ဆယ်နှစ်၊ နှစ် နှစ်ဆယ်၊ နှစ် သုံးဆယ် စသည်ဖြင့်ပေါ့လေ.... ကျွန်တော်ဟာ ကျွန်တော် အတွက်၊ ကျွန်တော်သမိုင်း အတွက်

ကျွန်တော့် လိပ်ပြာ အတွက် '' သန့် '' မယ့် အလုပ်တွေ ရွေးလုပ်သွားပါမယ်။ တကယ်လို့ နောင်နှစ်ဆယ် မှာ ကျွန်တော် အသက်ရှိနေသေးရင်

ဆုံကြသေးတာပေါ့၊ အသက်အရွယ်ကလည်း ပါးစပ်ကို ဘောင်ခတ်နိုင်ပါတယ်ဗျာ။

(ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ လိုလူတွေရဲ့ စကားဟာ နှစ်အကန့်အသတ်၊ နယ်နမိတ်တခုပေါ့ ။အဲဒီလောက်ပဲ မှန်တတ်တယ်။

အတွေးအခေါ်တွေ အယူအဆတွေ ဘယ်လိုပဲထုတ်ထုတ် ဆယ်စုနှစ်တွေ ကျော်လာရင် မီးပုံ ရှို့ရတာတွေ ဖြစ်လာတတ်တာပဲ။

မြတ်စွာဘုရား ရဲ့ စကားကလွဲ လို့ ဘယ်စကားမှ အမြဲ မမှန်ပါဘူးဗျာ ။)

http://www.kaungkin.com/

တောင်အမေရိကသွားချင်တယ်

စပိန်စကားမတတ်ပေမယ့်
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် …
အောက်တိုဗီယိုပါ့ဇ်ရဲ့ ကဗျာတွေ
အက်ဆေးတွေကို သဘောကျလို့
ကာလို့စ်ဆန်တားနားရဲ့
ဂစ်တာသံကို သဘောကျလို့ …

စပိန်စကားမတတ်ပေမယ့်
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် …

ချေဂွေဗားရား ကျဆုံးခဲ့တဲ့
ဘိုလီးဗီးယားတောတွင်းတနေရာကို
သွားကြည့်ချင်တယ်
မက္ကဆီကို စီးတီးက ကဖေးတခုမှာ
ဂါစီယာမားကွက်ဇ်နဲ့
အထီးကျန်နှစ်တစ်ရာအကြောင်း
မေးကြည့်ချင်တယ်
ဗြူနိုအေရီမှာ မာရာဒိုနာနဲ့တွေ့ပြီး
လာမယ့် ကမ္ဘာ့ဖလားအကြောင်း
စကားကောင်းမယ် …

မက်ဒရစ်ရောက်ရင် နီရူဒါနေခဲ့တဲ့အိမ်ကို
လိုက်ရှာမယ်
ပြီးတော့ … သူ့ရဲ့ကဗျာတွေပြန်ဖတ်မယ်
ဗင်နီဇွဲလားက ရေနံတွင်းအလုပ်သမားတွေနဲ့
ဗျစ်ရည်ခါးခါးကို အတူသောက်မယ် …

ရီယိုမြို့က ကပွဲရုံတွေမှာ
ကချေသည်မတွေရဲ့ ဆမ်းဗားအက ကြည့်မယ် …

ပီရူးရွှေတွင်းက အလုပ်သမား ကဗျာဆရာတွေနဲ့
ဂလိုဗယ်လိုက်ဇေးရှင်းအကြောင်းဆွေးနွေးချင်တယ်
ရီယိုဒီဂျနေရိုက မူလတန်းကျောင်းတွေမှာ
ဘရာဇီးကလေးတွေ
ဘောလုံးကစားတာသွားကြည့်မယ်
ဟာဗားနားမှာ ဟာဗားနားဆေးပြင်းလိပ်ကိုခဲပြီး
ဂလိုရီယာအိစ်ဖန်းရဲ့ သီချင်းတွေနားထောင်မယ် …

စပိန်စကားမတတ်ပေမယ့်
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် …

ကိုလံဘီယာရောက်ရင် မာဖီးယားတွေကို
သေသွားတဲ့
သူငယ်ချင်းဆေးသမားတွေအကြောင်းပြောပြမယ်

စပိန်စကားမတတ်ပေမယ့်
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် …

ဂျနီဖာလိုပက်ဇ်ရေ …
ငါ့ကိုလေယာဉ်လက်မှတ်
မြန်မြန်ဝယ်ပို့လိုက်ပါတော့။

(ကြည်မောင်သန်း)
အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆု (၂၀၀၅)’ ရတဲ့ ‘တောင်အမေရိကကိုသွားချင်တယ်’ ကဗျာ

ကျွန်တော့်ရဲ့ တော်ရုံတန်ရုံအဓိပ္ပာယ်

သစ်ပင်တွေငြိမ်သက်
လေကလဲငြိမ်သက်
ငါ့မှာသာငှက်တစ်ကောင်လိုဂနာမငြိမ်
စာကလေးတွေရဲ့ ခွန်းတုံ့သံကိုကြားမှ
အတ္တဘ၀မှန်ကို အောက်မေ့ဆင်ခြင်မိရဲ့

ငယ်ငယ်တုန်းကမှားခဲ့တယ်
ကြီးလာတော့လွဲခဲ့တယ်
သေကာနီးတော့ ဘာလုပ်ရမှန်းမသိ
ဝိမုတ္တိကောင်းကင်မှာ ပျံသန်းဖို့
အတောင်အလက်ကမစုံ
ချစ်ခြင်းမေတ္တာကိုယုံခဲ့တယ်
ဒုက္ခသစ္စာကိုယုံခဲ့တယ်
ငွေကိုတော့ မယုံတစ်ဝက်ယုံတစ်ဝက်
သံသရာက ညှီစော်နံနေပြီ
အဲဒီပန်းပုကို ဘယ်ဟင်းလင်းပြင်မှာထားမလဲ
ပန်းပုမှာကိုက ဟင်းလင်းပြင်ရှိပြီးသားပါ

ရူးချင်ယောင်ဆောင်လို့ရတယ်
အိပ်ချင်ယောင်ဆောင်လို့ရတယ်
ဒါပေမဲ့သေချင်ယောင်ဆောင်လို့မရဘူး
ငါ့ရဲ့ဖြစ်တည်မှုကို သတ်မှတ်ဖို့
နိုင်ငံသားကဒ်ပြားတစ်ခုပဲရှိတယ်
ခုချိန်ထိ မိသားစုသန်းခေါင်းစာရင်းထဲက
ရုန်းမထွက်နိုင်သေး
ငါ့ရဲ့ ရွေ့ပြောင်းပုံစံ
ဘယ်နေ့များဘယ်သူ့ထံရောက်မှာလဲ

ဖျာတစ်ချပ်ပေါ်က ငရဲကိုသိခဲ့ပြီ
ဖိနပ်တစ်ရံပေါ်က ငရဲကိုသိခဲ့ပြီ

တစ်နေ့ထမင်းနှစ်နပ်စားသလို
တစ်နေ့ကဗျာနှစ်ပုဒ်ဖတ်လို့ မလိုအပ်ဘူးလား
ခေတ်ကြီးတစ်ခုလုံးအကြောပေးထားလိုက်ချင်တယ်
သတင်းနဲ့နည်းပညာ ခေတ်ကြီးပြီးရင်
ကဗျာခေတ်ကြီး မလာဘူးလို့ဘယ်သူပြောနိုင်မလဲ။ ။

ကြည်မောင်သန်း
ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း

ကျားနာတစ်ကောင်ရဲ့အတ္ထုပ္ပတ္တိ

ကိုယ့်ကျန်းမာရေး ကိုယ်မယုံရတဲ့ဘ၀မှာ
နောက်ထပ် ဘာကို ယုံရဦးမှာလဲ။

စာလုံးတွေကို စုပ်ယူရင်း
လူဖြစ်အောင်လုပ်ခဲ့ရ
ပီပီသသတော့လည်း မဟုတ်ပါဘူး။

နေ့စဉ်နဲ့အမျှ ၀တ္တရားတွေ ထူထပ်ဖိစီး
ကြာလာတော့ ၀ဋ်ကြွေးတွေဖြစ်
ဟောဒီနာကျည်းဖွယ်နှစ်တွေအတွင်း
ငြင်းဆန်ခဲ့ရတာ ခပ်များများ
လက်ခံနိုင်စရာ နည်းပါးလွန်းတယ်။

တချို့လူတွေအတွက် လိုအပ်ချင် လိုအပ်လိမ့်မယ်
လက်ဝတ်ရတနာ
ဒါမှမဟုတ် အားဖြည့်အချိုရည်
ဒါမှမဟုတ် ယာဉ်မောင်းလိုင်းစင်။

ကျွန်တော့်အတွက်
အရေးတကြီး လိုအပ်နေတာ မျက်ရည်
ကိုယ့်မျက်ရည် ကိုယ်စောင့်မျှော်နေခဲ့တာ
နှစ် ၂၀ ကျော် ကြာပြီ။

ရန်ကုန်ရဲ့ မြေအောက်လောကမှာ ကျင်လည်ခဲ့သူတစ်ယောက်
အရှေ့တောင်အာရှက ဖွံ့ဖြိုးဆဲ မြို့တစ်မြို့မှာ
ခန္ဓာကိုယ်သာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့။

သက်တမ်းတွေကို ဘာနဲ့တိုင်းတာကြမလဲ
ပတ်သတ်ဖူးခဲ့တဲ့ မိန်းမတွေနဲ့လား
ရှာဖွေခဲ့သမျှ ငွေစက္ကူတွေနဲ့လား
သတင်းစာတွေနဲ့ပဲလား။

ပြန်စဉ်းစားကြည့်တော့လည်း
ကိုယ့်နာမည်ရှေ့မှာ ဘာမှ မရှိ
ကိုယ့်နာမည်နောက်မှာလည်း ဘာမှ မရှိ
ပကတိ အထီးကျန်မှုမှာ
လေသံကို လျှော့ချထားခဲ့ပါတယ်။

ညက
စပါတာကတ်ကို ပြန်ဖတ်တယ်
သီချင်းတွေကို တ၀တပြဲ ထိုင်သောက်တယ်
ကိုယ့်ကိုကိုယ် သစ္စာဖောက်ဖို့ ကြိုစားကြည့်တယ်
(ဒါပေမယ့် မအောင်မြင်ပါဘူး)။

ခုတော့
ဆိုင်းဘုတ်တွေကြားမှာ
မင်းရော ငါပါ အသက်ရှုမှားခဲ့ကြပြီ

ကြည်မောင်သန်း
ဇန်န၀ါရီ ၁၉၉၇
သရဖူ
ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း

ဒီနှစ်အတွက် သံဝေဂ

ဒီနှစ်
ဒီနှစ်ထဲမှာ
ကျွန်တော် အသက်တစ်နှစ်ပိုကြီးခဲ့
ခန္ဓာကိုယ်မှာ အလေးချိန်တိုးခဲ့
ငြီးငွေ့ဖွယ်ရာ အထီးကျန်မှုထဲမှာ
စီးကရက်လည်းဖြတ်နိုင်ခဲ့။

ဒီနှစ်ထဲမှာပဲ
သစ်တောတွေပေါ်တည်နေတဲ့ ဘ၀တွေကိုမြင်ခဲ့ရ
စက်ရုံတွေပေါ်တည်နေတဲ့ ဘ၀တွေကိုမြင်ခဲ့ရ
ကင်မရာတွေပေါ်တည်နေတဲ့ ဘ၀တွေကို မြင်ခဲ့ရ။

ဒီနှစ်ထဲမှာပဲ
အာရှကျားတွေရဲ့ ပါးစပ်ထဲက အမဲသားတစ်ဖက်
သွားကြားညပ်တာကို မြင်ခဲ့ရပေါ့။

ဒီနှစ်
ဒီနှစ်ထဲမှာ
မိုးကြီးရေလျှံမှုတွေကို ကြုံတွေခဲ့
လေထုညစ်ညမ်းမှုနဲ့ ပက်ပင်းတိုးခဲ့
ငွေကြေးကမောက်ကမဖြစ်မှုနဲ့လည်း ရင်ဆိုင်းခဲ့။

ဒီနှစ်ထဲမှာပဲ
အရေးကြီးတဲ့ ကိစ္စတွေရှိနေရဲ့
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့လည်း အရေးကြီးတာပဲ
လူ့ဂုဏ်သိက္ခာနဲ့အညီနေထိုင်ဖို့လည်း အရေးကြီးတာပဲ
ရေတွက်စရာ ငွေစက္ကူတွေရှိဖို့လည်း အရေးကြီးတာပဲ

အိမ်နဲ့ဝေးနေကြသူတွေ
ကိုယ့်အိမ်ကို ပြန်ရောက်ဖို့လည်း အရေးကြီးတာပါပဲ။

ဒီနှစ်ထဲမှာပဲ
ဗာဆာချီ၊ ဒိုင်ယာနာ၊ မာသာထရီဇာ
ဂျွန်ဒင်ဗာ၊ ဟာရိုးရော်ဘင်
တစ်ယောက်ပြီးတစ်ယောက်
သေမင်းက
ဘ၀တွေကို တစ်ဇွန်းချင်းသောက်လို့နေရဲ့။

ဒီနှစ်
ဒီနှစ်ထဲမှာ
အက်စပရင်ဆေးပြားတွေ နှစ်တစ်ရာပြည့်ခဲ့တယ်။
နု-အက်တလီစာချုပ် နှစ်ငါးဆယ်ပြည့်ခဲ့တယ်။

ဒီနှစ်
ဒီနှစ်ကတော့
မြစ်ရေတွေလို စီးဆင်းသွားလေရဲ့။

ကြည်မောင်သန်း
ဇန်န၀ါရီ ၁၉၉၈
ရနံ့သစ်
ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း

ဒီပရင်္ဂ

ပုံပြင်ထဲက မြို့လည်းမဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇ၀င်ထဲက မြို့တစ်မြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တစ်မြို့
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ကျော်တည်းက ရှိတဲ့မြို့တစ်မြို့
သမိုင်းဝင် မြို့တစ်မြို့။

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်ကနတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆောက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရားလက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂မြို့ထဲက မြို့တစ်မြို့။
အလောင်ဘုရားလက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကိုစားရ
ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့မြို့ဝန်
ဘုံခန်းပျို့ဆရာ အရှင်အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလ ဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော်အရှင်ဇိန
အယူတော်မင်္ဂလာဦးနိုး
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ

ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ်ယုတ်မာတဲ့ မြို့ဝန်ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတစ်ယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်
သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တစ်နေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမဲ့
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင်ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်းမိုးတဲ့လေ။

မုံရွာ-ရေဦးလမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည့်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့။ ။

ကြည်မောင်သန်း
ချယ်ရီမဂ္ဂဇင်း၊ဇွန်လ၊၂၀၀၈

မိုးရွာသောနေ့တစ်နေ့ စာစီစာကုံး

_______________________________________________________________________

မိုးတွေ ရွာနေတယ်။ မိုးသံတွေကြောင့် ကျွန်တော် နိုးလာတယ်။ မိုးက သည်းသည်းမဲမဲ ရွာနေ တာကြောင့် အခန်းတွင်းမှာရှိတဲ့ အလင်းရောင်က အရင် မနက်တွေထက် အုံ့ဆိုင်းနေတယ်။ ဒါပေမယ့် ဒီအခန်းလေးထဲမှာ ကျွန်တော် နေလာခဲ့တာ နှစ်နဲ့ချီနေပြီ ဆိုတော့ အခန်းထဲကို ရောက်နေတဲ့ အလင်းရောင်ကို ကျွန်တော် အိပ်ယာကမထဘဲ မျက်လုံးလေး မှေးစင်းကြည့်ရုံနဲ့ ဘယ်အချိန်လောက် ရှိပြီလဲဆိုတာ ကျွန်တော် ခန့်မှန်းနိုင်တယ်။ ပုံမှန်အတိုင်းဆို ကျွန်တော် ဒီအချိန် အိပ်ယာက မထသေးဘူး။ ဒါပေမယ့် တခြားဘာသံမှ မကြားရလောက်အောင် ရွာနေတဲ့ မိုးသံက ကျွန်တော့်ကို ပြန်အိပ်လို့ မရအောင် သိစိတ်ကို နိုးဆွလိုက်တယ်။ အိပ်မက်ကမ္ဘာထဲ ပြန် ရောက်သွားအောင် အနားယူချင်နေတဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို နိုးကြားနေတဲ့ သိစိတ်က အနိုင်ယူ သွားပုံရတယ်။ ဒီလို အနိုင်ရ လောက်အောင် ကျွန်တော့် အသိစိတ်တွေကလည်း ကြားနေတဲ့ မိုးသံ လေသံတွေနဲ့ အပြိုင် စဉ်ဆက်မပြတ် ဆူပွက် လာတာကြောင့် ဖြစ်မယ်။

ကျွန်တော်တို့ မြို့မှာ ခု ရက်ပိုင်းအတွင်း မိုးတွေ ရွာနေတယ်။ မိုးတွေ ရွာနေတယ်လို့ ဆိုရတာက မိုးရာသီ ရောက် မရောက်ဆိုတာ မသေချာလို့ပဲ။ တကယ်တော့ ဒီရက်ပိုင်းတွေဟာ နွေရာသီလို့ ဆိုရင် ပိုမှန်လိမ့်မယ်။ နေ့ခင်းပိုင်းတွေမှာ နေဟာ ကျဲကျဲတောက် ပူနေသလို ညပိုင်း တွေမှာ လည်း အပူချိန်က မြင့်တက် နေတတ်တယ်။ ဒါပေမယ့် တစ်ခု ထူးခြားတာက ကျွန်တော်တို့ မြို့မှာ တစ်ရက်ခြား တစ်ကြိမ်လောက် မိုး ရွာသွန်းလေ့ ရှိတယ်။ ရွာတဲ့ အခါတိုင်းလည်း စိုစွတ် အေးမြသွားတဲ့ အထိ ရွာလေ့ရှိတယ်။ အနည်းဆုံးတော့ အပူချိန် လျော့သွားအောင် အထိ ရွာ သွန်းလေ့ရှိတယ်။ လူတွေလည်း နွေရောက်ပြီ ပြောလိုက် မိုးကျပြီ ပြောလိုက် တော်ကြာ နွေ မကုန်သေး ပြောလိုက်နဲ့ ဖြစ်နေတယ်။

ကမ္ဘာကြီးရဲ့ တချို့ နေရာတွေမှာ ငလျင်တွေ လှုပ်နေတယ်၊ ဆူနာမီတွေ ဖြစ်နေတယ်။ တချို့က ၂၀၁၂ ရုပ်ရှင် မှန်ပြီလို့ ဆိုနေကြတယ်။ အဲဒါက ပြည်ပ ရုပ်သံ လှိုင်းတချို့က ထုတ်လွှင့် နေတဲ့ သတင်းတွေကို ကြည့်ပြီး ပြောတာ နေမှာပါပဲ။ ကျွန်တော်လည်း လက်ဖက်ရည်ဆိုင် တစ်ဆိုင်က တီဗွီ ဖန်သားပြင်မှာ ကြည့်လိုက်ရတယ်။ မော်တော်ကားလေးတွေ ရေထဲမှာ မျှောပါနေတာ။ ဒီမြင်ကွင်းမျိုးက ၂၀၁၂ ရုပ်ရှင်အပြင် ဟောလိဝုဒ်က ကမ္ဘာဖျက် ရုပ်ရှင်တွေမှာ အစဉ်အမြဲ ပါလေ့ရှိတဲ့ ဇာတ်ဝင်ခန်းနဲ့ တူနေ တာကိုး။ ဂျပန်တွေကတော့ သူတို့ဆီက ဂေါ်ဇီလာ ရုပ်ရှင်ကို ပို သတိရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဂေါ်ဇီလာဆိုတဲ့ ဇာတ်ကောင်ကို အဖျက် စွမ်းအား ကြီးမားလှတဲ့ နျူကရီးယား လက်နက်တွေရဲ့ နိမိတ်ပုံတစ်ခု အဖြစ် တင်စား သုံးစွဲပြီး ရည်ရွယ် ရိုက်ကူး ခဲ့ကြတာလို့ သိရလို့ပဲ။ နျူကရီးယား လက်နက် စမ်းသပ်ရာက ဓါတ်ငွေ့ အဆိပ်သင့်ပြီး မတရား ကြီးထွားလာတဲ့ ပုတ်သင်စိမ်းကြီးက ဂျပန်မြို့ထဲက တိုက်တာ အဆောက်အဦတွေ အဏုမြူ လျှပ်စစ်ဓါတ်အား ပေးစက်ရုံတွေ ရထားတွေ ကားတွေ တံတားတွေကို အဆင် အခြင်မဲ့စွာ ဖျက်စီးပြခဲ့တာ အားလုံး သိပြီးသားပဲ မဟုတ်လား။ တချို့ကလည်း ရက်ပိုင်းမှာ ကမ္ဘာနဲ့ နီးကပ်လာတဲ့ လ(စူပါမွန်း) ကြောင့်လို့ ဆိုတယ်။ တချို့ကလည်း စနေဂြိုဟ် ဖေါက် ပြန်မှုနဲ့ လဆုပ်ရက် တိုက်ဆိုင်တာကြောင့်လို့ ဆိုတယ်။ တချို့ကလည်း လာနီညာ အကျိုး သက် ရောက်မှုကြောင့်လို့ ဆိုတယ်။ တချို့ကတော့ ခုနကပြောသလို ၂၀၁၂ ရုပ်ရှင်ထဲက မာယာခေတ် ဟောစာတမ်း အတိုင်း ဖြစ်လာတာပဲလို့ ဆိုကြတယ်။

လူတွေဟာ အဖြစ်အပျက်တစ်ခုခုကို တွေ့ကြုံရတိုင်း မိမိနဲ့လက်လှမ်းမီရာ သိမှု၊ နီးစပ်ရာ ယုံကြည်မှု၊ ဒါမှ မဟုတ်ရင် လတ်တလော ကာလ ဒေသ ပယောဂ အကန့်အသတ် တစ်ခု အတွင်းမှာ ပူပူနွေးနွေး ဖြစ်ပေါ်နေတဲ့ မိမိ ခံစားချက်တွေနဲ့ ချဉ်းကပ် တုံ့ပြန် တတ်ကြတာပဲ မဟုတ်လား။ မိုး တစိမ့်စိမ့် ရွာနေတဲ့ မနက်ခင်းမှာ အပူအပင် ကင်းစွာ နိုးထလာရတဲ့ မြန်မာပြည် တောင်ဖျားပိုင်း မြို့နယ်တစ်ခုက ကျွန်တော်လို လူတစ်ယောက် အဖို့တော့ ခုနက ကမ္ဘာပျက် နေတဲ့ ကိစ္စတွေထက် ကိုယ်နဲ့ သက်ဆိုင်တဲ့ အလွမ်းနာတွေ ထကြွဖို့ အလွယ်တကူ ဖြစ်လာ ရတာ နေမှာပဲ။ သတင်းတွေ မီဒီယာတွေ လူတွေ ဘယ်လိုပဲ ဆိုဆို ဘာတွေပဲ ဖြစ်ဖြစ် ကျွန် တော်တို့ ဆီမှာတော့ မြေပြင်ရော ရေပြင်ပါ ပုံမှန်အတိုင်းပဲ။ ပြောင်းလဲ ဖေါက်ပြန်တဲ့ အရိပ် အယောင် တစ်ခုမှ မတွေ့ရဘူး။ တိတိကျကျ ဆိုရရင် ကျွန်တော်တို့ မြို့မှာပေါ့လေ။ နည်းနည်း ထူးခြားတာ ဆိုလို့ အခု ရက်ပိုင်းတွေမှာ မိုးရွာတာလောက်ပဲ။ ညနေပိုင်း ညဦးပိုင်းတွေမှာ မိုးက သဲသဲမဲမဲ ရွာလေ့ရှိတယ်။ ကျွန်တော်က ကျွန်တော် အိပ်ယာဝင်ချိန်နဲ့ မနက်အိပ်ယာ ထချိန် တွေမှာ ရွာမယ့် မိုးကို စောင့်နေမိတယ်။ ဒီလို အချိန်တွေမှာ ရွာတာက မိုးရာသီနဲ့ ပိုတူတယ်၊ မိုးရာသီ ပိုပီသတယ်လို့ ကျွန်တော် ထင်တယ်။ ပြီးတော့ ဒီလို မိုးရာသီ ပီပီသသ ဖြစ်အောင် ရွာသွန်းတဲ့ မိုးက အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ အတိတ် ကာလတွေတုန်းက မိုးရာသီတွေမှာ ဖြစ် ပျက်ခဲ့တဲ့ အမှတ်သညာတွေထဲက အဖြစ်အပျက်တွေနဲ့ တိုက်ရိုက် ဆက်သွယ် ပေးလို့ပါပဲ။

ကျွန်တော့် မှတ်ဥာဏ် ဖလင်ပြားထက်မှာ ထင်ကျန် နေသေးတဲ့ အတိတ်ပုံရိပ်တွေက တစ်ကွက် ပြီးတစ်ကွက် မိုးသံ လေသံ နောက်ခံနဲ့ အသံတိတ် ရုပ်ရှင်ဆန်ဆန် ကျွန်တော့်ရဲ့ အတွင်းပိုင်း တစ်နေရာမှာ ပြသနေတယ်။ အတွင်းပိုင်းလို့ ဆိုရတာက မျက်လုံးက တဆင့် တိုက်ရိုက်မြင်တာ မဟုတ်တဲ့ မြင်ကွင်းတွေကို ခန္ဓာကိုယ် အတွင်းပိုင်းရဲ့ ဘယ်နေရာတွေမှာ ဘယ်လို လက်ခံပြီး ပြန်မြင်နေသလဲ အတိအကျ မပြောနိုင်လို့ပဲ။ ဒီနေ့လို ကျွန်တော်တို့ အိမ် ခေါင်မိုးပေါ်မှာရော အိမ်ပတ်ဝန်းကျင်က ရေတံလျှောက်တွေ ခေါင်မိုးတွေ တံစက်မြိတ်တွေပေါ်မှာရော မိုးစက် မိုးပေါက် ကျရောက်သံတွေ ကြားနေ ရတုန်းမှာ၊ ဒီနေ့နဲ့ ထပ်တူ အေးစိမ့် အုံ့ဆိုင်း နေတဲ့ မနက်ခင်း အငွေ့အသက်တွေ ကြားမှာ ကျွန်တော်ဟာ အိပ်ယာက မထချင် ထချင်နဲ့ ထ အဖြူ အစိမ်း ကျောင်းဝတ်စုံလေး ဝတ်ပြီး ကျူရှင်တွေ ကျောင်းတွေ သွားခဲ့တယ်။ ကျွန်တော်ဟာ အိပ်စက်နေရာကနေ မထသေးဘဲ အိပ်ယာထဲမှာ လူးလွန့်ရင်း ပျင်းရိ နေတတ်ခဲ့တယ်။ ကျွန်တော်ဟာ အိပ်ယာ ခြင်ထောင် ထဲကနေ မထွက်ဘဲ တီဗွီက ထွက်လာတဲ့ အသံတွေကို နား ထောင်နေလေ့ ရှိတယ်။ ကျွန်တော် ငယ်ငယ်တုန်းက အိမ်မှာ နေ့ဘက် လျှပ်စစ်မီး မရှိဘူး။ ကျွန် တော်တို့ ကျောင်းပိတ်ရက် ဖြစ်တဲ့ စနေ တနင်္ဂတွေမှာတော့ မြို့မှာရှိတဲ့ မီးစက်ကြီးက လျှပ်စစ်မီး လွှတ်ပေးလေ့ရှိတယ်။ ဒီလိုနေ့တွေမှာ ကျွန်တော်တို့ကလည်း မနက်အစောကြီး ထစရာမလိုဘဲ အိပ်ယာထဲမှာ မိုးအေးအေးလေးနဲ့ ဆက်ကွေးနေလို့ ရတာဆိုတော့ အိပ်ယာ ထဲက မထွက်ဘဲ နေ့ခင်းဘက်မှာ ကြားရတဲ့ တီဗွီတွေ ကက်ဆက်တွေဆီက လာတဲ့ အသံကို နားစွင့်နေရတာကိုက အရသာတစ်ခုလို ဖြစ်ခဲ့တယ်။ ဒီနေ့တော့ ကျောင်းလည်း ပိတ်တယ်၊ မီးလည်း လာနေပြီ၊ ကာတွန်းကား ကြည့်မယ်၊ သီချင်း နားထောင်မယ်လို့ အိပ်ယာထဲကနေ စိတ်ကူး ယဉ်နေလေ့ ရှိတာပေါ့။

အခု ဒီနေ့မနက်မှာ ရွာနေတဲ့ မိုးသံတွေ ကြားမှာလည်း ကျွန်တော်ဟာ အိပ်ယာပေါ်မှာ ဒူးတုတ် ထိုင်ရင်း အရင်က အဖြစ်အပျက်တွေ တစ်ခုပြီး တစ်ခု စိတ်ကူး ယဉ်နေတာပါပဲ။ အရင်က အဖြစ် အပျက်တွေလို့ ဆိုရတာက ယနေ့ယခု ပစ္စုပ္ပာန် ကာလမှာ ကျွန်တော့် အနေနဲ့ ဘာမှ စိတ်ကူး ယဉ်စရာ မရှိလို့ပါပဲ။ အခု အိပ်ယာထဲမှာ ခဏထိုင်ပြီးလို့ ရှိရင် ကျွန်တော်ဟာ အခန်းထဲက ထွက် လာမယ်၊ အိမ်နောက် ဝါရံတာမှာ မျက်နှာသစ် သွားတိုက်မယ်၊ ပြီးတော့ မနက်စာ စားမယ်၊ ပြီးတော့ ဆိုင်ကယ်ကို အိမ်ထဲက ထုတ်၊ တက္ကသိုလ် ကျောင်းအနီးက ကျွန်တော်တို့ ခြံကို သွား မယ်။ အဲဒီမှာ ကျွန်တော်က သံချီးတက်လို့ ကြပ်နေတဲ့ ခြံတံခါး သော့တံကို တကျွီကျွီနဲ့ ဖွင့်မယ်၊ အဲဒီနောက် ကျွန်တော်ဟာ ကွန်ပြူတာကိုဖွင့်၊ မကြည့်ရသေးတဲ့ ရုပ်ရှင်တွေ ထိုးကြည့်၊ သီချင်း တွေ နားထောင်ရင်း သီချင်းတွေ ဗီဒီယိုတွေ လာသွင်းတဲ့ သူကို စောင့်မယ်။ အလုပ်အပ် လက်ခံရတာ များရင် ကျွန်တော်ဟာ ကျွန်တော့် ညာလက် တစ်ဖက်နဲ့ ကွန်ပြူတာ မောက်စ်ကို ကိုင်ရင်း တစ်နေကုန်လို့ ကုန်မှန်းမသိ ကုန်သွားလိမ့်မယ်။ လုပ်စရာ သိပ်မရှိရင်လည်း ကျွန် တော်ဟာ ဂိမ်းနိပ်ချင် နိပ်နေမယ်။ လက်စ မသတ်ရ သေးတဲ့ စာတွေ ဆက်ရေးချင် ရေးမယ်။ ဒါမှမဟုတ် စာမေးပွဲပြီး ကျောင်းပိတ်လို့ အားနေတဲ့ ကျွန်တော့် တူနဲ့တူမ နှစ်ယောက်လက်ထဲ သူတို့ ဂိမ်းနိပ်လို့ ရအောင် ကျွန်တော့် ကွန်ပြူတာကို အပ်လိုက်မယ်။ ကျွန်တော်က စာအုပ် ထူထူတစ်အုပ်နဲ့ ရှိနေမယ်။ ညနေ စောင်းလို့ရှိရင် ကျွန်တော့် ညီဖြစ်ဖြစ် ကျွန်တော့် ဆီလာတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ဖြစ်ဖြစ် ပင်ပေါင် ကစားမယ်။ အိမ်မှာရှိတဲ့ ခွေးတွေကို အစာ ကျွေးမယ်။ ညနေကျရင် အမေ့ကို ခေါ်ပြီး အိမ်ပြန်မယ်။ ညကျရင် အင်တာနက်ဆိုင် ထိုင်ရင် ထိုင်၊ မဟုတ်ရင် ကွန်ပြူတာ စာစီဆိုင် ဖွင့်ထားတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ဆိုင်မှာ သွား ထိုင်မယ်။ ညဆယ့်နှစ်နာရီ ထိုးပြီးမှ အိမ်ပြန်ဖို့ စိတ်ကူးမယ်။ တစ်နေ့ တစ်နေ့ ဒါပဲဆိုတော့ စိတ်ကူးယဉ်စရာက မရှိလှဘူး။

ဒါကို တစ်ယောက်ယောက်က ဖြစ်ဖြစ် ကျွန်တော်ကိုယ်တိုင်က ဖြစ်ဖြစ် လက်မခံချင်လို့ ပြောင်း လဲကြည့်ဖို့ စောဒကတက် ကြည့်ဖို့ တွေးကောင်း တွေးမိမယ်။ ဒါပေမယ့် ဒါဟာ ကိုယ်ကိုယ် တိုင်တောင် ငြင်းဆန် တုံ့ပြန်ဖို့ နေနေသာသာ သတိတောင် မထားမိလိုက်ဘဲ ဖြစ်ပျက် ပြီးသွား ခဲ့တဲ့ အတိတ်က ဖြစ်ရပ်တွေလိုပဲ ကာလ ဒေသ ပယောဂရဲ့ အထက်အောက် ဖိစီးမှုတွေ အောက်မှာ စီးဆင်းနေတဲ့ အခြေအနေ တစ်ခုအဖြစ် လက်ခံ လိုက်ရတာက များတယ်။ တခါ တလေတော့လည်း ဒါက ကိုယ်လက်ခံ ချင်သည် ဖြစ်စေ လက်မခံချင်သည် ဖြစ်စေ ရိုက်ကူး ပြီးသား ရုပ်ရှင်တစ်ကားလို တစ်ခန်းပြီး တစ်ခန်း ရွေ့လျားနေတဲ့ ဖလင်ပြား တစ်ခုလိုပဲ ဖြစ်နေ သလားလို့ ခြောက်ခြောက်ခြားခြား တွေးမိတယ်။

နောက် အနှစ် သုံးလေးဆယ် ကျွန်တော် အသက်ရှင် နေသေးရင် အခုလိုပဲ မပြောင်း မလဲတဲ့ မိုးသံ လေသံတွေ ထပ်ကျ ရောက်လာဦးမယ်ဆိုရင် အခု ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်ကြီးက အတိတ် ပုံရိပ် ဖလင်ပြားတွေ ဖြစ်သွားဦးမှာပဲ။ အဲဒီအခါကျရင် ကျွန်တော် ကြိုးစား ရုန်းကန် ခဲ့သ လောက် ထင်တိုင်း မဖြစ်ခဲ့တာတွေ ၊ ကျွန်တော် အလိုလို နေရင်းက ပျော်ရွှင် ကျေနပ်မှု ရခဲ့တာ တွေကို ပြန်တွေးပြီး ကိုယ့်ဘဝကိုယ် ခေါင်းတခါခါနဲ့ ပြုံးရယ် မိဦးမလားပဲ။ အခုတော့ ကျွန်တော် က အခုအချိန်နဲ့ စာရင် အတိတ်အဖြစ် ကျန်ခဲ့ပြီဖြစ်တဲ့ ဖြစ်စဉ်တွေကို စိတ်ကူးယဉ်နေတယ်။ စိတ်ကူးယဉ်တယ် ဆိုတာ ပျင်းရိသူတွေရဲ့ အလုပ်၊ တွေဝေသူ၊ လက်တွေ့ မကျသူတွေရဲ့ အလုပ် အားအားယားယား နိုင်သူတွေရဲ့ အလုပ်လို့ ထင်မှတ်စရာ ကောင်းပေမယ့် စိတ်ကူး ယဉ် တယ်ဆိုတာက လူသား တစ်မျိုးတည်းသာ လုပ်နိုင်တာ မဟုတ်လား။ အလွမ်း အဆွေးတို့ ဘာတို့ ဆိုတာလည်း ကောင်းတာ မကောင်းတာ အပထား လူသား တစ်မျိုးတည်း မှာသာ ပီပီ ပြင်ပြင် ဖြစ်ပေါ်လေ့ ရှိတာလို့ ကျွန်တော်ထင်တယ်။ ပီပီပြင်ပြင်ဆိုတာက ကျွန်တော်တို့ သိထား တဲ့ ဘာသာစကား ကြောင့်လား ကျွန်တော်တို့ တည်ဆောက်ထားတဲ့ သိမှုတွေ ကြောင့်လား မပြောတတ်ပေမယ့် လူမှာ အလွမ်းအဆွေး ဓါတ်ခံ ဖြစ်ပေါ် ပေါက်ဖွား တတ်တာကတော့ အမှန်ပဲ။ ဒီအတွက် လူဟာ ဂုဏ်ယူကျေနပ်ရမလား၊ ကိုယ်သိထား တတ်ထားတဲ့ တည်ဆောက် ချက်တွေနဲ့ အရူး လုပ်ခံနေရတာ ဆိုပြီး စိတ်ပျက် အားငယ်ရမလား။

ဒီနေ့ဒီရက်လို မိုးသဲသဲမဲမဲ ရွာနေခဲ့တဲ့ မူလတန်း အလယ်တန်း အထက်တန်း နောက်ဆုံး တက္ကသိုလ် ရောက်တဲ့အထိ ၊ စာမေးပွဲဖြေဆိုပြီးတဲ့ နောက်ဆုံးနေ့ရက်တွေ မျိုးမှာ ကျောင်းမှာ ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ခွဲခွာ တချို့ဆို နှုတ်တောင် မဆက်ဖြစ်ဘဲ ခွဲခွာသွားခဲ့ကြတဲ့ ပုံရိပ်တွေကတော့ ကျွန်တော့် မှတ်ဥာဏ် ဖလင်ပြားထက် ပြက်ပြက် ထင်ထင်အရှိဆုံး ပုံရိပ်တွေပါပဲ။ အဲဒီအချိန်တွေက ခွဲခွာသွားကြတဲ့ သူငယ်ချင်း တွေ ထဲက တချို့ကို ဒီနေ့ထိ ပြန် မတွေ့ရတော့ဘူး။ ဘယ်တွေ ရောက်လို့ ဘာတွေဖြစ်နေပြီ ဆိုတာလည်း သတင်း အစအနတောင် မသိရတော့ဘူး။ တချို့ကိုတော့ ပြန်တွေ့ရတယ်။ တချို့ ကိုတော့ ကိုယ်နဲ့ တစ်မြို့တည်းမှာ တွေ့ဆဲ ရှိဆဲပဲ။ ဒါပေမယ့် သူတို့ကိုလည်း ပြန်မတွေ့ရ တော့ပါဘူး။ သူတို့ဟာ ကျွန်တော့် မျက်လုံးနဲ့ မြင်တွေ့ နေရပါလျက် ပျောက်ဆုံး သွားတယ်။ ကျွန်တော့် မျက်လုံး အမြင်အာရုံကနေ တိုက်ရိုက် စီးဆင်းနေတာ မဟုတ်တဲ့ ကျွန်တော့် ကိုယ် တွင်း တစ်နေရာက အသံတိတ် ရုပ်ရှင်တွေကတော့ ပူနွေး တောက်ပစွာ ရှင်းလင်း ပြတ်သား စွာနဲ့ ဆက်လက် ပြသနေဆဲပဲ။

မောင်ယုပိုင်
၂၀၁၁ မတ်လ

http://www.blogger.com/post-create.g?blogID=2315753451685389222

မိုးရွာသောနေ့တစ်နေ့ စာစီစာကုံး

1
Posted by မောင်ယုပိုင် on May 10, 2011 – 7:12 pm
Filed under အက်ဆေး

photo from: Barefoot Traveler's blog.

http://www.openmindblog.info/?cat=7